ထေရုပ္ပတ္တိ

မိဘနှစ်ဖြာ ဖွားရပ်ရွာ
၁၃၂၉ ခုနှစ် ၊ တပေါင်း လပြည့်နေ့၊ ဗုဒ္ဓဟူးနေ့ /၁၉၆၈ခုနှစ်၊ မတ်လ၊ ၁၃ရက်
အရှင်မြတ်လောင်းလျာသည် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ချောင်းခွကျေးရွာအုပ်စု၊ ဝေသုခ ကျေးရွာ (ကျွဲတဲ) ၌ ခမည်းတော်ဦးကျင်မောင်၊ မယ်တော်ဒေါ်ခိုတို့မှ ၁၃၂၉ ခုနှစ် ၊ တပေါင်း လပြည့်နေ့၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူသောသားရတနာဖြစ်သည်။ မွေးချင်းညီအကိုမောင်နှမ ခုနှစ်ယောက် ရှိရာ ဒုတိယမြောက် သားရတနာဖြစ်သည်။

သာသနာ့ဘောင်ဝင်ရောက်ခြင်း
၁၃၄၁ ခုနှစ်၊ ၁၉၈၀ခုနှစ်
၁၃၄၁ ခုနှစ်၊ သက်တော် (၁၂) နှစ်အရွယ်တွင် ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်၊ မင်္ဂလာကျွန်းရွာ ဦးကျောင်း ဆရာတော် ဦးသြဘာသကို ဥပဇ္ဇျာယ်ပြုလျှက်အဘွားဒေါ်စိန်ယုံနှင့် မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟ ကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့သည်။

၁၃၄၉ ခုနှစ်၊ ၁၉၈၈ ခုနှစ်
၁၃၄၉ ခုနှစ် တပို့တွဲလဆန်း (၁၅) ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ မင်္ဂလာကျွန်းရွာ ဦးကျောင်း ဆရာတော် ဦးသြဘာသကို ဥပဇ္ဇျာယ်ပြု၍ အဘွားဒေါ်စိန်ယုံနှင့် မိဘများဖြစ်သော ခမည်းတော်ဦးကျင်မောင်၊ မယ်တော်ဒေါ်ခိုတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူလျက် သာကီယဇါတ် ရဟန်းမြတ်အဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။ ပုနောပ သမ္ပဒ သိက္ခာထပ်ရဟန်း ဒကာ၊ ဒကာမ အပေါင်း(၈၀) ကျော် ရှိပါသည်။

ပရိယတ္တိစာပေကျမ်းဂန်များသင်ယူခြင်း

ငယ်စဥ်ကပင် ရွာဦးကျောင်း မင်္ဂလာကျွန်းဆရာတော် ဘဒ္ဒန္တသြဘာသထံတွင် ပရိယတ္တိ စာပေ များကို သင်ကြားဆည်းပူးခဲ့သည်။ မြို့မရိပ်သာ ပရိယတ္တိ ပဋိပတ္တိ စာသင်တိုက် (ပေါင်းတည်မြို့)၊ တိုက်ကျောင်း ပါဠိတက္ကသိုလ်စာသင်တိုက် (ကြို့ပင်ကောက်မြို့)၊ ဇောတိကာရုံ ပါဠိတက္ကသိုလ် စာသင်တိုက် (ပြည်မြို့) ၊မဟာအောင်မြေဘုံစံ ပရိယတ္တိစာသင်တိုက် (ရန်ကုန်မြို့)၊ ကျောင်းသစ်ကျောင်း ဓမ္မသုခတိုက် (ရန်ကုန်မြို့)၊ တောင်ပြင်ထီးလင်း ပါဠိတက္ကသိုလ်စာသင်တိုက် (မန္တလေးမြို့) များတွင် ပရိယတ္တိစာပေကျမ်းဂန်များကို သင်ယူခဲ့ပါသည်။

အောင်မြင်ခဲ့သော စာမေးပွဲများ

နိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သည့် ပထမပြန်စာမေးပွဲတွင် အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ပထမလတ်တန်း၊ ပထမကြီးတန်းတို့ကိုအောင်မြင်ခဲ့ပါသည်။ နိုင်ငံတော်အစိုးရ ဓမ္မာစရိယစာမေးပွဲတွင် ကျမ်းရင်းသုံးကျမ်းကိုပြီးဆုံးအောင်မြင်တော် မူသဖြင့် “သာသနဓဇ ဓမ္မာစရိယဘွဲ့”ကို ရရှိတော်မူခဲ့ပါသည်။
၁၃၇၉ခုနှစ်၊ ၂၀၁၈ ခုနှစ်
၂၀၁၈ ခုနှစ်၊ ဧပြီလ (၇)ရက်နေ့တွင် အင်္ဂလန်အခြေစိုက် Trinity World University အိန္ဒိယ နိုင်ငံမှ Honorary Doctor of Philosophy for Buddhism Studies ဒေါက်တာ Ph.D (UK) ဘွဲ့ကို ဆက်ကပ် ပူဇော်ခဲ့ပါသည်။

တရားဟောတရားပြသခြင်း

၁၃၆၆ခုနှစ်၊ ၂၀၀၅ခုနှစ် ပရိယတ္တိစာပေလေ့လာမှုများ အတန်အသင့်ပြည့်စုံသည့်အချိန်တွင် ငယ်စဥ်ကပင် ဝါသနာ ပါရှိ သည့်တရားဟောတရားပြလုပ်ငန်းကို လေ့လာဆည်းပူးသင်ယူခဲ့ပါသည်။ မိုးကုတ်ဝိပဿနာ အဖွဲ့ချုပ် ကြီး (ရန်ကုန်မြို့) သို့ ဝင်ရောက် တရားအားထုတ်ရင်း မိုးကုတ်ဆရာတော်ကြီး၏ ဥပနိဿယအတိုင်း ခန္ဓာဉာဏ်ရောက် ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်များကို လေ့လာမှတ်သားသင်ယူခဲ့ပါသည်။ မြင်ဆရာ၊ ကြားဆရာတို့၏ နည်းနာနိဿယများကိုလည်း ခံယူမှတ်သားခဲ့ပါသည်။

ဆရာတော်သည် ငယ်စဥ်ကပင် ပရိယတ္တိစာပေများကို ပရိယတ္တိအကျော်အမော်ဆရာတော် များ ထံ ဆည်းကပ်ခိုမီ သင်ကြားခဲ့ပါသည်။ ဆရာတော်ဦးပဏ္ဍိတ(ဒွိပိဋကဓရ) ထံမှ (၃) နှစ်ကြာ အနီးကပ် နေကာ တရားဟောနည်း၊ နည်းနာနိဿယများကို ခံယူသင်ကြားပြီး တရားဟောဓမ္မကထိက အဖြစ်သို့ ရောက်ရှိရန် ကြိုးစားအား ထုတ်ခဲ့ ရ ပါသည်။ ဖြစ်လိုသော ဆန္ဒာဓိပတိတရား၏ တိုက်တွန်းမှုအရ “ဆန္ဒဝတော ကိံနာမကမ္မံ နသိဇတိ” ဒေသနာတော်အတိုင်း ဆန္ဒရှေ့သွား ကြိုးစားအားထုတ်မှုကြောင့် ရွှေရတု အချိန်ခါတွင် အောင်မြင်သင့်သလောက် ခရီးပေါက်ခဲ့ပြီး စိန်ရတုအချိန်အခါတွင် ပင်မဓမ္မ ရိပ်သာကြီးနှင့် ရိပ်သာခွဲ (၈) ခုတို့အားတည်ထောင်ကာ တရားဓမ္မများကို ဟောကြားပေးလျှက် ရှိပါ သည်။ မန္တလေးတိုင်းဒေသကြီး ပြင်လွင်ဦးမြို့နယ် သရက်ချောင်ဒေသတွင် အလှူရှင်တို့၏လှူဒါန်းမှုဖြင့် သာသနိကအဆောက်အဦးများကိုလည်း ဆောက်လုပ်လျှက်ရှိပါသည်။ ၎င်းနေရာအား အနာဂါတ်တွင် ရက်ရှည်/လရှည် တရားဘာဝနာ ပွားများလိုသူများ အားထုတ်ခွင့် ရရန် ရည်မှန်းထားပါသည်။

၂၀၀၅ ခုနှစ်မှစတင်၍ တရားစဟောခဲ့သည်။ ကြိုးစားအားထုတ်မှုနှင့်အတူ ဒကာ၊ ဒကာမ တရားနာပရိသတ် အပေါင်းတို့၏အပေါ်၌ သိစေချင်၊ တတ်စေချင်၊ နားလည်စေချင်သော စေတနာ ရှေ့ သွားပြုဟောပြောပို့ချသင်ကြားပြသပေးမှုကြောင့် ဆရာတော်တရားနာကြားလိုသူများ တစ်စထက်တစ်စ များပြားလာခဲ့ပါသည်။

ပရိယတ်မကွယ်စေရန်

ဆရာတော်သည် ယနေ့အထိ ပရိယတ်စာပေကျမ်းဂန်များကို ‌ရေးသားပြုစုခြင်း၊ လေ့လာ ဖတ်ရူခြင်း၊ဟောပြောပို့ချခြင်းများပြုလုပ်ပါသည်။ တပည့်သာမဏေ ရဟန်းငယ်များအား မိမိတတ်သည့် ပရိယတ်စာပေများကို လက်ဆင့်ကမ်းပို့ချလျက်ရှိပါသည်။ ဤကားပရိယတ်စာပေမကွယ်စေရန် ဆရာတော်၏ဆောင်ရွက်ချက်အချို့ဖြစ်ပါသည်။
ပရိယတ်စာပေများနာယူခြင်း၊ သင်ကြားပို့ချခြင်းစသည်တို့ကိုပြုမူဆောင်ရွက်ခြင်းသည် ပရိယတ္တိစာပေများရှင်သန်နေစေရန် ဖြစ်ပါသည်။ ယနေ့အထိ ပရိယတ္တိစာပေများ ရှင်သန်နေပြီး ပြန့်ပွား နေခြင်းမှာ ဆရာစဥ်ဆက်တာဝန်ကျေပွန်ခဲ့၍ ဖြစ်သည်။

ပရိယတ္တိသာသနာ ကွယ်ပခြင်းအကြောင်းရင်းများတွင် စာပေများတွင် အက္ခရာပုဒ်နှင့် ဗျည်းများ ကို ခက်ခက်ခဲခဲ ရေးသားထားရှိခြင်းများနှင့် ထိုရေးသားထားသော အက္ခရာပုဒ်နှင့်ဗျည်းများကို အနက် အဓိပ္ပါယ်ဖော်ရန် မလွယ်ကူခြင်းများပါဝင်ပါသည်။ (အံ-၁၊၆၀) အပြန်အလှန်အနေဖြင့်အက္ခရာပုဒ် နှင့် ဗျည်း များကိုအနက်အဓိပ္ပါယ်ဖော်ရန်လွယ်အောင်ထားခြင်းသည် ပရိယတ္တိသာသနာမကွယ်ကြောင်း သိရပေသည်။

ပြည်တွင်းပြည်ပသာသနာပြုလုပ်ငန်းများ

၁၃၆၆ခုနှစ်၊ ၂၀၀၅ခုနှစ် ဆရာတော်သည် ဘုရားရှင်၏သြဝါဒတော်ကို ဦးထိပ်ရွက်ပန်ဆင်လျက် သာသနာပြုလုပ်ငန်းများ ကို ကိုယ်အား၊ဉာဏ်အား၊ စွမ်းပကားရှိသည့်အလျောက် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာ တွင် သာသနာတော်အကျိုးကိုသာမျှော်ကိုးဆောင်ရွက်ပြီး မိမိပြုသောကံသည် မိမိအတွက်တန်ပြန်လာ လိမ့်မည်ဟူ၍သာ နှလုံးသွင်းဆောင်ရွက်နေခြင်းဖြစ်ပါသည်။
အိန္ဒိယနိုင်ငံ၊ မဇိမဒေသ၊ ဘီဟာပြည်နယ်၊ ဂယာမြို့ မဟာဗောဓိဗုဒ္ဓစေတီ ဗုဒ္ဓဂယာမြေမြတ် မဟာ၌ ၂၀၁၅-၂၀၁၆ ခုနှစ်များမှစတင်၍ သီတင်းကျွတ်လများ၌ (၅) ရက် မိုးကုတ်ဝိပဿနာတရားစခန်း ကျင်းပပြုလုပ်၍ အလုပ်ပေးတရားများကို နှစ်စဥ်ဟောကြား ပြသလျှက်ရှိပါသည်။

နိုင်ငံတော်မှ ဘွဲ့တံဆိပ်ဆက်ကပ်မှုများ

၁၃၈၁ခုနှစ်၊ ၂၀၂၀ခုနှစ် ဆရာတော် ၏ သာသန တာဝန်များကို ကြိုးစားထမ်းဆောင်ဆောင်ရွက်မှုများ၊ ပြည်တွင်းပြည်ပ သာဝကများပြားစိတ်ဝင်စားမှုတို့ကြောင့် အောင်မြင်မှု ရရှိလာမှုကို နိုင်ငံတော်မှ အသိအမှတ်ပြုကာ ၂၀၁၈ ခုနှစ်၊ ဇန္နဝါရီလ (၄) ရက်နေ့ တွင် “ဓမ္မကထိဗဟုဇနဟိတဓရ တရားဟောဓမ္မကထိကဘွဲ့” ဆက်ကပ် ပူဇော်မှုကို ရရှိခဲ့ပါသည်။
၁၃၈၄ခုနှစ်၊ ၂၀၂၃ ခုနှစ်၂၀၂၃ ခုနှစ် ဇန္နဝါရီလ (၄) ရက်နေ့တွင် “မဟာဓမ္မကထိကဗဟုဇနဟိတဓရ တရားဟောဓမ္မကထိက” ဘွဲ့ကို ဆက်ကပ်ပူဇော်မှုကို ရရှိခဲ့ပါသည်။